Sleepwalking ဆိုတာ ဘယ်လို ကျန်းမာရေး ပြဿနာမျိုးလဲ
အိပ်စက်နေစဉ်မှာ အိပ်ရာကနေ ထပြီး ဟိုဟိုဒီဒီ လမ်းလျှောက်သွားလာနေခြင်းကို Sleepwalking (စိတ်ပညာအခေါ်အဝေါ်အရ somnambulism) လို့ခေါ်ပါတယ်။ ညဦးပိုင်း အိပ်ပျော်ပြီး ၁-၂နာရီအကြာမှာ အဖြစ်များပါတယ်။ တစ်ခါဖြစ်လျှင် မိနစ်ပိုင်းခန့် ကြာတတ်ပါတယ်။ ခဏတဖြုတ်မှေးတဲ့အချိန်တွေမှာ ဖြစ်လေ့မရှိပါ။ လူကြီးများထက် ဆယ်ကျော်သက်အရွယ်လေးတွေမှာ ဒီဖြစ်ရပ်ဟာ တွေ့ကြုံကြတတ်ပါတယ်။
တစ်စုံတစ်ယောက်ကို sleepwalking လို့ ယူဆရတဲ့ အချက်တွေကတော့ အိပ်ရာကနေ ထသွားပြီး လျှောက်သွားနေမယ်၊ အိပ်ရာပေါ်မှာ ငုတ်တုပ်ထိုင်နေပြီး မျက်လုံးပွင့်နေမယ်၊ အသက်မပါသော အကြည့်နဲ့ ကြည့်နေတတ်တယ်၊ နိုးနေတယ်လို့ ထင်ရသော်လည်း ဘာမှမသိ၊ ဘေးလူကို တုံ့ပြန်ဆက်သွယ်ခြင်းလည်းမရှိ ဖြစ်နေပါတယ်။
မနက်ရောက်လျှင် ထိုအဖြစ်အပျက်ကို သူ မမှတ်မိတာများပါတယ်။ တစ်ခါတစ်ရံ sleepwalking အချိန်မှာပင် အဝတ်အစားများ ဝတ်ဆင်၊ စကားပြော၊ စားသောက်၊ အိမ်မှထွက်သွားကာ ကားမောင်းတာမျိုးတွေလည်း ပြုလုပ်နေမိတတ်ပါတယ်။ ဒါ့အပြင် ဘီဒိုထဲ၌ ရှူးပေါက်တာ၊ အသိစိတ်ရှိမနေဘဲ လိင်ဆက်ဆံတာ၊ ပြတင်းပေါက်မှ ခုန်ချတာ၊ လှေကားပေါ်မှ ပြုတ်ကျတာ စသည့်ဖြင့် စိုးရိမ်ဖွယ်ရာ အခြေအနေတွေ ဖြစ်ပေါ်တဲ့ ဥပမာတွေလည်း လေ့လာတွေ့ရှိရပါတယ်။
Sleepwalking ကို Parasomnia လို့ခေါ်တဲ့ အိပ်နေစဉ်မှာ စိတ်ဆန္ဒမပါသော အတွေ့အကြုံ၊ အပြုအမူ (နှစ်ခြိုက်စွာ အိပ်စက်နေချိန်အတွင်း မူမမှန်စွာ ဖြစ်ပေါ်လာသော ကြောက်ရွံ့တုန်လှုပ်မှု၊ နိုးကြားနှောင့်ယှက်မှု) လို့သတ်မှတ်ပါတယ်။
အိပ်ရေးပျက်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ အပြင်းဖျားတဲ့အခါ၊ ခရီးသွားလာရလို့ ဖြစ်စေ၊ အရေးကြီးကိစ္စတွေကြောင့် ဖြစ်စေ အိပ်ချိန်ကမောက်ကမ ဖြစ်တဲ့အခါမှာ sleepwalking ဖြစ်တတ်ပါတယ်။ ပုံမှန်မဟုတ်သော အသက်ရှူခြင်း ပြသာနာများကြောင့် အိပ်ရန် အခက်ကြုံရတဲ့ ရောဂါပြသာနာများ၊ စိတ်ဝေဒနာရောဂါများကြောင့် သောက်သုံးနေရသော စိတ်ကျန်းမာရေးဆေးဝါးများနဲ့ အိပ်ဆေးများ၊ အရက်များ၊ အစာအိမ်ပြသာနာ စသည့် အခြေအနေများကလည်း sleepwalking ကို ဖြစ်ပေါ်စေတတ်ပါတယ်။
Sleepwalking ဖြစ်တတ်ခြင်းသည် အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ဖွယ်လို့ မဆိုနိုင်ပေမဲ့ ကာယကံရှင်ဟာ ဖြစ်စဉ်အချိန်မှာ အသိစိတ်ကပ်မနေသည့်အတွက် သူ့ဟာသူ ထိခိုက်မိနိုင်ပါတယ်။ အိပ်စက်ခြင်းမှာ အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ဖြစ်ရပ်က စိပ်လာလျှင် နေ့အချိန်တွေမှာ ငိုက်မျဉ်းနေတတ်ကာ အလုပ်လုပ်ရာ၌ စွမ်းဆောင်ရည်တွေ ကျဆင်းလာနိုင်ပါတယ်။ မိမိအိမ်သားတွေလည်း အိပ်ရေးပျက်ရတာမျိုး ရှိနိုင်ပါတယ်။ ကိုယ်တိုင်လည်း အနည်းငယ် ရှက်ကောင်းရှက်မိပါလိမ့်မယ်။
Sleepwalking ကို
- ညအတော်များများ (သို့) တစ်ပတ်မှာ ၁-၂ ကြိမ် ကြုံရရင်
- ကိုယ်တိုင်ဖြစ်စေ၊ အိမ်သားကိုဖြစ်စေ ထိခိုက်စေသော အပြုအမူများ ပြုနေမိရင်
- မိမိရော၊ အိမ်သားတွေပါ အိပ်ရေးပျက်ပါများလာပြီဆိုရင်
- အိပ်ရေးမဝခြင်းကြောင့် နေ့အချိန်မှာ မိမိအလုပ်၊ မိမိကျောင်း၊ မိမိတစ်နေ့တာမှာပါ ထိခိုက်နှောင့်ယှက်လာခဲ့ရင်
- လူကြီးများမှာ ဖြစ်ပွားရင် (သက်ကြီးပိုင်းအရွယ်တွင် ဖြစ်ပွားလျှင် ကျန်းမာရေးပြသာနာကြောင့် ဖြစ်နိုင်ချေများပါတယ်)
- ဆယ်ကျော်သက်အရွယ်လွန်သည့်တိုင် sleepwalking ဆက်ဖြစ်နေသေးရင် ကျွမ်းကျင်သော စိတ်အထူးကု ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရေးသားသူ - ဒေါက်တာ မေမြတ်